လည်ချောင်းနာတာ သက်သာစေဖို့
လည်ချောင်းထဲက ခြောက်ကပ်ကပ်နဲ့ နာတာက တော်တော်လေး ခံစားရ ခက်တာပါ။ အစာစားလည်းနာ၊ ရေမျိုချ၊ တံထွေးမျိုချလည်း နာနေပြီဆိုရင်တော့ လည်ချောင်းနာနေပါပြီ။ လည်ချောင်းနာတာက မတ်တတ်ဖျားဆိုပေမယ့် အလုပ်တွေထဲ အာရုံစိုက်ဖို့တော့ အတော်လေး ခက်ပါတယ်။ ဒီတစ်ခေါက်တော့ လည်ချောင်းနာတာကို သက်သာစေဖိုပ လုပ်ဆောင်ပေးလို့ ရတဲ့ နည်းလမ်းလေးတွေကို မျှဝေပေးသွားပါမယ်။
လည်ချောင်း ဘာကြောင့်နာလဲ
လည်ချောင်းနာစေတဲ့ အကြောင်းအရင်းကတော့ တော်တော်လေးကို များတာပါ။ လည်ချောင်းနာတာကို အဓိကဖြစ်စေတာကတော့ ဗိုင်းရပ်စ်ကူးစက်ခံရမှုပါ။ ဒါ့အပြင်
- ဓာတ်မတည့်တဲ့ အရာ တစ်ခုခုနဲ့ ထိတွေ့မိတာ
- ပတ်ဝန်းကျင်က ခြောက်သွေ့နေတာ
- အသံကုန်အော်ထားမိတာ
- ဆေးလိပ်သောက်တာ
- တုပ်ကွေးဖြစ်တာ
- အအေးမိ၊ ဖျားနာတာ
- ရေကျောက်ပေါက်တာ
- Lactic acid ပါဝင်မှုများတဲ့ အစားအစာတွေကို အလွန်အကျွံစားသုံးမိတာတွေကြောင့်လည်း လည်ချောင်းနာတာကို ခံစားရနိုင်ပါတယ်။
လည်ချောင်းနာတာ သက်သာစေဖို့
လည်ချောင်းကတော့ တော်တော်ကို နာနေပြီ။ လည်ချောင်းနာလွန်းလို့ ဘာလုပ်လုပ် အာရုံစစိုက်ဖို့ ခက်နေပြီ ဒါပေမယ့် ဆေးကလည်း မသောက်ချင်ဘူး။ လည်ချောင်းနာတာတော့ ပျောက်ချင်တယ်ဆိုရင် ဒီနည်းလမ်းလေးတွေက အသုံးတည့်မှာပါ။
ဆားရည်
အိုင်အိုဒင်း ဆားဖြစ်ဖြစ်၊ ရိုးရိုးဆားဖြစ်ဖြစ် ဘယ်ဆားကိုမဆို အသုံးပြုလို့ ရပါတယ်။ လည်ချောင်းနာ သက်သာစေဖို့ ရေနွေးဆူဆူနဲ့ ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲစာလောက်ကို မတ်ခွက်ထဲ ထည့်ဖျော်လိုက်ပါ။ ဆားပျော်ပြီး ခပ်နွေးနွေးဖြစ်ပြီ အာလုပ်ကျင်းပေးပါ။ ပြီးရင် ထွေးထုတ်ပါ။
ဆားရည်က ပိုးစေပြီး လည်ချောင်းနာတာအပြင် သွားနဲ့ခံတွင်းကိုထိခိုက်စေတဲ့ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေကိုပါ အထိရောက်ဆုံးနှိမ်နှင်းပေးနိုင်ပါတယ်။ လည်ချောင်းအတွင်းသားတွေရောင်ရမ်းတာကို သက်သာစေနိုင်သလို လည်ချောင်းထဲက သလိပ်တွေကိုလည်း ဖယ်ရှားပေးပါသေးတယ်။
ပျားရည်
ပျားရည်ကို ဒီအတိုင်း သောက်ချလို့ ရသလို ရေနွေးနဲ့ ဖျော်ပြီး သောက်ပေးလို့လည်း ရပါတယ်။ ပျားရည်က ဗိုင်းရပ်စ်တွေကို နှိမ်နှင်းပေးပြီး အနာကျက် မြန်စေတဲ့ အာနိသင်ရှိပြီး လည်ချောင်းနာတာကို သက်သာစေမှာပါ။ ဆီးချိုရှိမယ်ဆိုရင်တော့ မသောက်ပါနဲ့။
ကြက်သွန်ဖြူ
ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးပြီး ကူးစက်ရောဂါတွေကို ကာကွယ်ပေးသလို ကိုယ်ခံအားကိုလည်း အားဖြည့်ပေးနိုင်တဲ့ ကြက်သွန်ဖြူကို လည်ချောင်းနာတာကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။
ကြက်သွန်ဖြူမှာပါတဲ့ allicin ဒြပ်ပေါင်းက ကူးစက်ရောဂါတွေကို အကောင်းဆုံးတိုက်ထုတ်ပေးနိုင်ပါတယ်။ ဒါကြောင့် လည်ချောင်းနာ သက်သာစေဖို့ ကြက်သွန်ဖြူကို ဟင်းခါးချက်သောက်လို့ရသလို တို့စားလို့လည်းရပါတယ်။ ရေနွေးနနဲ့ စိမ်သောက်ပေးလို့လည်း ရပါတယ်။ အစာအိမ်ပြဿနာ ရှိရင်တော့ အစာမရှိဘဲ မသောက်ပါနဲ့။
ပန်းသီးရှာလကာရည် [သို့မဟုတ်] Apple cider Vinegar
ပန်းသီးရှာလကာရည် [သို့မဟုတ်] Apple cider Vinegarကို ဝိတ်ကျစေဖို့ အသုံးများကြပေမယ့် လည်ချောင်းနာတာ သက်သာစေဖို့ အသုံးပြုပေးလို့လည်း ရပါတယ်။
အကြောင်းကတော့ ပန်းသီးရှာလကာရည် [သို့မဟုတ်] Apple cider Vinegar က ဘက်တီးရီးယားတွေကို တိုက်ဖျက် ပေးနိုင်တာ ကြောင့်ပါ။ လည်ချောင်းထဲက ချွဲသလိပ်တွေကို ဖယ်ရှားပေးပြီး လည်ချောင်းနာတာကို သက်သာစေနိုင်ပါတယ်။ ရေတစ်ခွက်စာထဲကို ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာရောပြီး အာလုတ်ကျင်းပေးပါ။
ပဲနံ့သာစေ့
အသားဟင်းတွေ ပဲဟင်းတွေ သရက်သီးသနပ်တွေထဲ ထည့်လေ့ရှိတဲ့ ပဲနံ့သာစေ့က လည်ချောင်းနာတာကို သက်သာစေနိုင်ပါတယ်။ ခွက်တစ်ခုထဲကို သန့်စင်အောင် ဆေးကြောထားတဲ့ ပဲနံ့သာစေ့ အနည်းငယ်ထည့်ပြီး ရေနွေးဆူဆူ လောင်းထည့်ပါ။ ၁၅ မိနစ်လောက် စိမ်ထားပြီး ခပ်နွေးနွေး အနေအထားမှာ သောက်သုံးပေးလို့ရပါတယ်။ ပဲနံ့သာစေ့ ရေနွေးကြမ်းလေးက လည်ချောင်းနာတာကို သိသိသာသာ သက်သာစေမှာပါ။
လည်ချောင်းနာ သက်သာချင်တယ်။ ဆေးမသောက်ချင်ဘူးဆိုရင် ဒီထဲက အဆင်ပြေဆုံးဖြစ်မယ်ထင်တဲ့ နည်းလမ်းလေးကို ရွေးချယ်လို့ လက်တွေ့ အကောင်အထည်ဖော်လိုက်နော်။
ရေးသားသူ - မွန်မွန်